Saturday, December 8, 2018

ထိုင်းရဲ့ ဘတ် ၁၀၀၀ တန် ငွေစက္ကူအသစ် ဒေသတွင်းလုံခြုံရေးဆု ရရှိ


ဒီဇင်ဘာ ၈ - ထိုင်းဘတ် ၁၀၀၀ တန် ငွေစက္ကူအသစ်ဟာ ငွေစက္ကူအတုပြုလုပ်မှုကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေတဲ့ အဆင့်မြင့်လုံခြုရေးအစီအမံတွေနဲ့ ငွေစက္ကူဒီဇိုင်းတို့အတွက် နိုင်ငံတကာ ဒေသတွင်းဆုတစ်ဆုကို ရရှိခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့တဲ့ ဟနွိုင်းမှာ ၃ရက်ကြာကျင်းပတဲ့ အဆင့်မြင့်လုံခြုံမှုပုံနှိပ်ကဏ္ဍအာရှ ၂၀၁၈ ဖိုရမ်မှာ သည်ငွေစက္ကူက အကောင်းဆုံး ငွေသားအသစ်အဖြစ် ရွေးချယ်သတ်မှတ်ခံခဲ့ရတယ်လို့ သောကြာနေ့မှာ ထိုင်းဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။ 
ထိုင်းဘုရင်ကြီးရဲ့ ၆၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်တဲ့ ၅၀၀ တန် ငွေစက္ကူအသစ်နဲ့အတူ ၁၀၀၀ တန် ငွေစက္ကူကိုပါ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
"သည်ရိုက်နှိပ်မှုတွေထဲမှာ ဘတ် ၁၀၀၀ တန်က အမြင့်ဆုံး ငွေကြေးတန်ဖိုးဖြစ်ပြီး အဆန်းသစ်ဆုံးနဲ့ လုံခြုံမှုအရှိဆုံး ဖြစ်တယ်" လို့ သည်ပွဲစီစဉ်သူက သူတို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
သည်ငွေစက္ကူတွေကို အမြင်အာရုံအမျိုးမျိုးပြောင်းလဲနိုင်တဲ့ သံလိုက်မှင်နဲ့ပြုလုပ်ထားပြီး လုံခြုံရေးကို မြှင့်တင်ပေးနိုင်ပြီး ငွေစက္ကူအတု ပြုလုပ်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
သည်ဆုက ထိုင်းနိုင်ငံရဲ့ငွေစက္ကူအတွက် ဒုတိယမြောက်ဆုဖြစ်ပါတယ်။ နတ်ရွာစံသွားတဲ့ ဘုရင်ကြီးဘူမိဘောခေတ်အတွင်း ၂၀၁၅ စက်တင်ဘာမှာ ၁၀၀၀ တန်ငွေစက္ကူကို စတင်လည်ပတ်အသုံးပြုခဲ့ပြီး အကောင်းဆုံး ငွေစက္ကူဆု Award for Banknote Excellence ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
မေသက်
Ref: BangkokPost. Dec 7, 2018

No comments:

Post a Comment